မင်္ဂလာပါခင်ဗျာ။ လမ်းမှားလို့ပဲရောက်လာလာ တကယ်ပဲခဏခဏလာလာ ဒီဘလော့ကို ရောက်လာတယ်ဆိုရင်တော့ ကျနော့် traffic မှာ မြင်ရရင် ကျနော့်အနေနဲ့ ဘာရယ်မဟုတ် စာရေးမိတာ အားရှိသလိုဖြစ်သလို မရေးဖြစ်တာကြာတော့လည်း အားနာမိပြန်ရော။ စာရေးဖြစ်တာကလည်း ကြည့်မိ ဖတ်မိ မြင်မိတာလေးတွေ ပြန်ချရေး ပြန်ဝေမျှရယ်သဘောက စခဲ့တာ အရင်ရီးစားလေးကလည်း ရေးသမျှဖတ်လေတော့ ကိုယ်လည်း ခေါင်းထဲရှိသမျှ ပြန်ရေးရတာ စိတ်ကျေနပ်စရာ တစ်ခုဖြစ်ပါတယ်။ အရင်ရီးစား ဆိုခဲ့တဲ့အတိုင်း နှစ်တွေကြာတော့ သူလေးလည်း ဘယ်ဆီကိုရောက်မှန်းမသိ ကျနော်လည်း အပြစ်မမြင်ဖြစ်အောင် မေ့ပစ်။ ဖတ်ပြီး ဆွေးနွေးမယ့်သူမရှိတော့ စာလေး ဘာလေးလဲ မရေးဖြစ်တော့ဘူး။ ဘာရယ်မဟုတ် လမ်းပျောက်သွားတယ်ပေါ့။ ခုတလောတော့ ဖေ့ဘွတ်မှာ အေအေဘီအဖွဲ့ (မှာသွားရင် ပြင်ပေးပါ) ဆိုပြီး မြန်မာ ဘလော့ဂါတွေစုလုပ်ထားတဲ့ စာမျက်နှာမှာ ဖတ်ရင်း ကိုယ့်ဘလော့ ကိုယ်ပြန်သတိရလာလို့ ရေးချင်စိတ်ကလေး ပေါ်လာတာနဲ့ မြန်မာသုံးဖောင့်လေး ကောက်သွင်းပြီးသကာလ ဒီပို့စ်ကို ရေးလိုက်ပါတယ်။
စာမရေးသော်လည်း ဟိုတစ်နေရာ ဒီတစ်နေရာလို စာတော့ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း ကိုယ်မသိတာတွေ ပိုပိုသိလာရတော့ ရေးဖို့လက်တွန့် လာတဲ့ စိတ်ကလေး ကြီးလာတယ်။ ခုချိန်ကတော့ နိုင်ငံရေးအကြောင်းဟော့နေတဲ့အချိန်ဆိုတော့ ဘယ်နေရာမှာမဆို နိုင်ငံရေးအကြောင်း ပြောကြဆိုကြ ငြင်းကြ စိတ်ကောက်ကြ ဟောက်ကြမြင်ရတယ်။ အသံမတူ ရန်သူဖြစ်တာတွေလည်း မြင်ရတယ်။ ကျနော်ကတော့ ဝါနုသေးတယ်ပြောရမလား ကိုယ်ကိုင်စွဲထားတဲ့ ပေတံအသေအချာ မရှိလေတော့ ကောင်းနိုးရာရာတွေ ရှာဖတ် ချင့်ချိန်တုန်း စောင့်ကြည့်နေတဲ့ အထဲမှာပဲ ရှိနေသေးတယ်။ ကျနော့်မှာ ပုဂ္ဂိုလ်စွဲလဲမရှိတော့ လူတော်တွေရဲ့တော်တာ ရှော်တာ လူတွေရဲ့အစွဲတွေဖတ်ရ မြင်ရ ကြားရတာနဲ့တင် လူနဲ့လူ့အကြောင်းဆိုတာ အင်မတန်စိတ်ဝင်စားစရာ ကောင်းတယ်လို့ တဖြည်းဖြည်းနဲ့ ပိုမြင်လာမိတယ်။ ဟိုစကားလေးလည်း သတိရမိတယ် လူဆိုတာ လူ့အကြောင်းကို သိဖို့လိုတယ် ပိုသိတဲ့လူက ပညာရှိပဲ ဆိုတာလေးကိုပေါ့။ အပြောင်းအလဲတွေကြားမှာ ခုချိန် စကားတစ်ခွန်းကို ပိုပြီးသတိရမိတာက နိုင်ငံရေးဆိုတာက လျှင်သူစားတမ်းမဟုတ်လား ဆိုတာကိုပေါ့ အဲ ဒီစကားကလည်း ပေါ်လီတက်တုန်းက အဆောင်က စီနီယာအစ်ကိုတစ်ယောက် ပြောတာကို သဘောကျလို့ မှတ်ထားတာပါ ကျနော့်အတွေး အခေါ်မဟုတ်ရ သေးပြန်ပါဘူး။
ဒါနဲ့ မြေခြားမှာရောက်နေတော့ စာရေးဆရာအသစ်တွေရဲ့စာတွေနဲ့ ဝေးနေတာလည်း အတော်ကြာတဲ့ ကျနော့်အနေနဲ့ လက်လှမ်းမှီသမျှ ခုတလော ဖတ်မိတာထဲက အနည်းအကျဉ်းလေးထဲက ပြန်ညွှန်းရရင် တနေ့ကဖတ်မိတဲ့ စာရေးဆရာမဂျူးရဲ့ တွေ့ချင်လှပြီ ဆိုတဲ့ ဝတ္ထုတိုလေး ကျနော့်ထက်ငယ်မယ့် ညီမငယ်လေးများ အားရင် လက်လှမ်းမှီရင် ဖတ်ကြည့်ပါဦး အွန်လိုင်းမှာ chatting ဝင်တဲ့ ဇာတ်လမ်းလေး ရေးထားတာ မဆိုးဘူး။ စာရေးဆရာမ ကြည်အေးရဲ့ မီ ဟာလည်း အင်မတန်ဖတ်လို့ ကောင်းတယ်။ မီဆိုတဲ့ မိန်းကလေးတစ်ယောက်ကို တကယ်ကို မျက်လုံးထဲမှာ မြင်လောက်အောင်ကို ဖတ်မိတယ်။ ကိုယ့်ကိုယ်ကို အချိန်နဲ့ကုစားနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိခဲ့တဲ့ အမှတ်တရ ဝတ္ထုဟာလည်း အတော်ထိတယ်ပြောရမယ်။ စာရေးဆရာမ ဂျူးရေးတာပဲ။ ကျနော်ဖတ်ဖူးသမျှအနည်းအကျဉ်းရှိတဲ့ စာရေးဆရာမ သုံးယောက်ဖြစ်တဲ့ မိုးမိုး(အင်းလျား)၊ ဂျူး၊ ကြည်အေး မှာ ကြည်အေးဟာ မိန်းမစာရေးဆရာလို့ မထင်ရလောက်အောင်ကို ရေးနိုင်တဲ့သူလို့ မြင်မိတယ်။ ကျနော် အများကြီး မဖတ်ဖူးသေးကြောင်းအရင် ဝန်ခံပါတယ် ဖတ်မိသလောက်နဲ့ မြင်မိရုံသက်သက်ပါ။ သူတို့ ဝတ္ထုတွေဖတ်ရတာဟာ တစ်ချိန်က ကျနော်သည်းကြီးမည်းကြီးဖတ်ခဲ့တဲ့ စာရေးဆရာ တာရာမင်းဝေတို့ မင်းခိုက်စိုးစံတို့နဲ့ အရသာလုံးလုံးကွာတာ သိသာပါတယ်။ တာရာမင်းဝေဆို ဝတ္ထုရှည်အကုန်ဖတ်ဖူးသလို မင်းခိုက်စိုးစံကိုလည်း သုညစာအုပ်အထိ တစိုက်မတ်မတ်ဖတ်ခဲ့ဖူးတယ်။ ခုချိန်ရီစရာအနေနဲ့ ပြောရရင် စုံထောက် ဝတ္ထုတွေတော့ ဆားပုလင်းနှင်းမောင်တို့ မင်းအောင်တို့ မဖတ်တာကြာပြီပေါ့ ဘာကြောင့်ငယ်ငယ်က ဖတ်မိခဲ့သလဲတောင် ခုချိန် သိပ်နားမလည်တော့ဘူး။ လူလည်း လက်တွေ့ပိုဆန်လာတာလည်း ပါမှာပေါ့လေ ကိုဖတ်ခဲ့ဖူးတဲ့ ရှားလော့ဟုမ်းတောင် ရုပ်ရှင်ကြည့်တော့ သူ့ဟာနဲ့သူ အောင်ကြူကြူ ကာရိုက်တာနဲ့ လာတွေ့နေတော့ ဘာ ပြောရမလဲ မသိတော့ဘူး ဘာသာပြန်တဲ့လူတွေပဲ ဇာတ်ကောင်ကို အတည်ကြီး မှားဘာသာပြန်ကြသလို...
သောကြာရုံးဆင်းရင် ဒီရက်ပိုင်း ခဏခဏလုပ်ဖြစ်တာက စီးတီးဟောမှာ ဘော်ဒါတွေနဲ့ ထမင်းစားလို့ ချိန်းတဲ့အခါ ကျနော့်အလုပ်ကနေ စီတီးဟောသွားရင် ၁၅မိနစ် အလွန်ဆုံး မိနစ် ၂၀လောက်ပဲ ကြာလို့ အမြဲစောရောက်နေတတ်တော့ ဒုတိယထပ်က စာအုပ်ဆိုင်တစ်ဆိုင်မှာ ဝတ္ထုတိုလေး ၁ ပုဒ်စ ၂ ပုဒ်လောက် တက်ဖတ်ဖြစ်တာပါ။ အမေက ခုလာမယ့် စနေမှာ စင်ကာပူအလည်လာမယ် ၁ လ တန်သော် ၃ လ တန်သော်နေပျော်သလောက် နေမယ်ဆိုတော့ စာအုပ် ၃ အုပ်လောက် သယ်လာဖို့မှာလိုက်တယ်။ စာရေးဆရာပါရာဂူရဲ့ သူ့စကားနှင့်သူ့စာများ တစ်အုပ် မင်းလူဝတ္ထုတိုပေါင်းချုပ် တစ်အုပ် ဝင်းငြိမ်းနှင့် စာရေးဆရာများ တစ်အုပ်ပေါ့ သုံးအုပ်လုံး အလေးချိန်စီးတယ် သယ်လာတဲ့လူက ကိုယ့်အမေမို့လို့သာ မှာဖြစ်လိုက်တာပါ။ မင်းလူ ဝတ္ထုတိုအနည်းအကျဉ်းတော့ ဖတ်ဖူးပါတယ် ပေါင်းချုပ်ထွက်လာတော့လည်း တစုတဝေးတည်းပြန်ဖတ်ရတဲ့ သဘောပေါ့လေ။ တကယ်တော့ မြန်မာစာအုပ်တစ်အုပ်ကို ၂၀ ဒေါ်လာ ၃၀ ဒေါ်လာ ပေးဝယ်ရလည်း စင်ကာပူမှာ ကျနော့်အတွက်တော့ ဝယ်ပျော်တယ်ပဲ ပြောမိမှာပါ စာရေးဆရာတွေသာ တကယ်ရမယ်ဆိုရင်ပေါ့။ သယ်စရိတ်တွေ နေရာစရိတ်တွေ ဆိုင်ခတွေ ထည့်မတွက်ပဲ ပြောရာရောက်ရင်လည်း ရောက်နေပါမယ် တကယ်တော့ စာရေးဆရာတွေကို စာပေနဲ့အသက်မွေးဝမ်းကြောင်းပြုရာမှာ ဒီထက်ပိုပြီး သက်တောင့်သက်သာ နေစေချင်တဲ့ ကျနော့်ဆန္ဒသက်သက်ပါ။ စာရေးကောင်းတဲ့ ဘလောဂါတွေကတော့ ဖရီးရေးကြသလို စာတွေလည်း တစ်ခါတစ်လေ ခိုးခံရတယ်ကြားမိတော့ သူတို့ကိုယ်စား စိတ်မကျေမနပ် အနည်းငယ်တော့ ဖြစ်မိပါတယ်။
ဒီပို့စ်ကို အဆုံးသတ်ရရင် အဆုံးထိရေးဖြစ်အောင် အားဖြစ်စေတဲ့ ဖူးနုသစ် ခ ကို ဇတ်တီကိုပဲ ကျေးဇူးတင်ရမယ် သူရဲ့ပို့စ်က လာရောက် လည်ပတ်သူ အများဆုံး မြန်မာ ဘလော့ခ် ၅၀ (၂၀၁၂ ဇန်နဝါရီ) ပါ။ ၅၀ ထဲတော့ မပါပါဘူး ကိုယ့်နံပါတ်က ၁၄၇ ဆိုတော့ မရေးတာကြာပေမယ့် မဆိုးပါဘူး တစ်ခုခုတော့ ရေးမှပဲဆိုပြီး ရေးလိုက်တာ ဒီလောက် ရှည်သွားပါတယ်။ ကျနော့်စာ ရှည်သွားသလို စာဖတ်သူကလည်း အဆုံးထိဖတ်ဖြစ်သွားလို့ တစ်ခုခု ရသွားတယ်ဆိုရင်တော့ ကျနော် ဝမ်းသာမိပါတယ်ပဲ ပြောချင်ပါတယ်။